၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့
ကာ့ဒ်ဟာဘတ်ဆန်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံဒါရက်ချိုလက်သည် ယခုရက်သတ္တပတ်အတွင်း “ပိုမိုဆိုးရွားလာနေသည့်မြန်မာ့အကျပ်အတည်းကိုဖြေရှင်းရန်”ထိုင်းနိုင်ငံတစ်လွှားခြေဆန့်လျက် ရှိသည်။ စစ်အာဏာရှင်မှ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများတိုး၍ ပြုလုပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ရက်စက်ကြမ်းကြုတ်လှသည့် စစ်အာဏာရှင်ကိုငွေကြေးဖြည့်တင်းပေးလျက်ရှိသည့် ဇီဝရုပ်ကြွင်းလောင်စာဆီလုပ်ငန်းကို မြန်မာ ပြည်သူများအနေဖြင့်အပြင်းအထန် ဆန့်ကျင်ကန့်ကွက်လျက်ရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့မှရရှိသည့် အခွန်ဘဏ္ဍာများကို စစ်အာဏာရှင်လက်လှမ်းမီနိုင်ခြင်းမရှိအောင် ဒဏ်ခတ်ပိတ်ဆို့ပေးရန် အမေရိကန် အစိုးရကို တိုက်တွန်းတောင်းဆိုလျက်ရှိသည်ကို အတိုင်ပင်ခံချိုလက်အနေဖြင့် ကောင်းစွာသိရှိ ထားပြီးဖြစ်သည်။ စစ်အာဏာရှင်တပ်ဖွဲ့၏ မတရားဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီးနောက် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်၍ မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရသည့် ရွာသူရွာသား၁၆ဦး၏ရုပ်အလောင်းများကို တွေ့ရှိခဲ့ပြီးရက်အနည်းငယ်အကြာ၌ ဆန္ဒပြသူများသည်အသက်နှင့်ရင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၏ လမ်းမများပေါ်တက်လာခဲ့ကြသည်။ အတိုင်ပင်ခံချိုလက်အနေဖြင့် ၎င်းတို့၏အသံကို နားထောင် သင့်သည်။

Blood Money Campaign ၏ ဓါတ်ပုံ။ စစ်ကိုင်း၊မတ် ၁၁၊၂၀၂၃။

သွေးစွန်းငွေလှုပ်ရှားမှုမှရရှိသည့်ဓာတ်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့
ထို့အပြင် စစ်အာဏာရှင်သည် အရပ်သားပြည်သူများအပေါ် လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကို အကြီးအကျယ်ပြုလုပ်လျက်ရှိသည်။ ယနေ့အချိန်ထိ နိုင်ငံတကာ ရုပ်ကြွင်းလောင်စာဆီလုပ်ငန်းများသည် စစ်အာဏာရှင်လုယူအပိုင်စီးထားသည့် ဘဏ်အကောင့်များ ဆီသို့ အမေရိကန်ဒေါ်လာ သန်းရာပေါင်းများစွာရှိသည့် ပေးချေမှုများကို လစဉ်ဆက်လက် ပေးသွင်းနေကြဆဲဖြစ်သည်။ စစ်အာဏာရှင်သည် အဆိုပါရန်ပုံငွေအထောက်အပံ့များအပေါ် မှီခို၍ စစ်ကိုင်းတိုင်းဒေသကြီးကဲ့သို့သော နယ်မြေများ၌ ရက်စက်ကြမ်းကြုတ်လှသည့် လုပ်ရပ်များကို ဆက်လက် ကျူးလွန်လျက်ရှိသည်။

အမေရိကန်အစိုးရအနေဖြင့် အဆိုပါရန်ပုံငွေများကို စစ်အာဏာရှင်လက်လှမ်းမီနိုင်ခြင်းမရှိအောင် ဖြတ်တောက်ပစ်ရန် သို့မဟုတ် အနည်းဆုံးအကြီးအကျယ် အနှောင့်အယှက်ပေးရန် လုပ်ဆောင် နိုင်ပါသည်။ ၂နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင်များ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် နိုင်ငံတကာမဟာမိတ်များ စုပေါင်း၍ ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့မှရရှိသည့် အခွန်ဘဏ္ဍာများကို စစ်အာဏာရှင်၏အိတ်ထောင်ထဲ စီးဝင်သွားခြင်း မရှိစေရန် ဒဏ်ခတ်အရေးယူပိတ်ဆို့မှု ပြုနိုင်သည့် လုပ်ပိုင်ခွင့်ကိုအသုံးချရန် အမေရိကန်အစိုးရကို အစဉ်တစိုက် တောင်းဆိုခဲ့ကြသော်လည်း ရေငုံနှုတ်ဆိတ်မှုနှင့်သာ ကြုံတွေ့ခဲ့ကြရသည်။

၂၀၂၂ ခုနှစ်အတွင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ်အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ခဲ့သည့် ဥရောပသမဂ္ဂ၏ ဆောင်ရွက်ချက်သည် မှန်ကန်သည့်လမ်းကြောင်း အတွက်အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ခဲ့သည်။ ငွေကြေးလွှဲပြောင်းမှုများကို အမေရိကန် ဒေါ်လာဖြင့် အများဆုံးပြုလုပ်လျက်ရှိသဖြင့် ပြင်းထန်ထိရောက်သည့် အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာစေရန် အမေရိကန်အစိုးရအနေဖြင့် အလားတူအရွေ့မျိုးကို ဖော်ဆောင်သွားရန် လိုအပ်နေဆဲဖြစ်သည်။ ဖေဖော်ဝါရီလအတွင်း အမေရိကန်အစိုရသည် MOGE၏ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့ကို အရေးယူဒဏ်ခတ်ပိတ်ဆို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ခြင်းက လက်တွေ့မြေပြင်အကျိုးသက်ရောက်မှုမပါသည့် အမည်ခံအရွေ့တစ်ခုသာ ဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် အမေရိကန်သည် MOGE မည်မျှအရေးပါနေသည်ကို သိမြင်နားလည်သော်လည်း အရေးယူဆောင်ရွက်လိုစိတ် ကင်းမဲ့နေကြောင်း ဖော်ပြလျက်ရှိသည်။

ထိုကဲ့သို့သော အရေးယူဆောင်ရွက်ချက်များကို နိုင်ငံရေးအရထောက်ခံမှုနှင့် အထောက်အထားများ အလျှံပယ်ရှိနေသည့်ကြားက အမေရိကန်အစိုးရအနေဖြင့် အဘယ်ကြောင့် တွန့်ဆုတ်နေရသနည်း။ ဤအခြေအနေနှင့်စပ်လျဉ်း၍ အောက်ပါအချက် သုံးချက်ဖြင့် သုံးသပ်ကြည့်ရှုနိုင်ပါသည်။

၁။ ထိုင်းအခြေပြုဇီဝရုပ်ကြွင်းလောင်စာဆီကုမ္ပဏီတစ်ခုဖြစ်သည့် PTTသည် စစ်အာဏာရှင်ထံသို့ စီးဝင်သွားမည့် အခွန်ဘဏ္ဍာများကို အဓိက တာဝန်ယူ၍ စီမံခန့်ခွဲလျက်ရှိသည်။ MOGE အပေါ်အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု မပြုရန် အမေရိကန်အစိုးရကို ထိုင်းနိုင်ငံမှဖျောင်းဖြနားချ လျက်ရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

PTT သည် မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၌ အလုံးအရင်း ရင်းနှီးမြှုပ်နှံမှု ပြုထားသည့် ထိုင်းအစိုးရ၏ နိုင်ငံပိုင် ဇီဝရုပ်ကြွင်းလောင်စာဆီ လုပ်ငန်းစုကြီး တစ်ခုဖြစ်သည်။ PTT သည် ထိုင်းနိုင်ငံတွင်းအသုံးပြုရန်အတွက် မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက်လေးခုအနက် သုံးခုမှ တင်ပို့ရောင်းချလျက်ရှိသည့် သဘာဝဓာတ်ငွေ့များ အားလုံးကို ဝယ်ယူနေသူဖြစ်သည်။ အခြေခံ အဆောက်အအုံဆိုသည်မှာ အခြားတစ်နေရာရာသို့ ရွှေ့ပြောင်း သယ်ယူသွားနိုင်သည့် အရာမျိုး မဟုတ်ပေ။ ယင်းတို့အနက် လုပ်ကွက်နှစ်ခုကို ၎င်း၏လက်အောက်ခံကုမ္ပဏီဖြစ်သည့် PTTEP က တာဝန်ယူလည်ပတ်လျက်ရှိသည်။ ဤလုပ်ကွက်နှစ်ခုကို ဦးစီးလည်ပတ်နေသည့် လုပ်ငန်းဖော်ဆောင်သူ အနေဖြင့် PTTEP သည် MOGE နှင့် အခြားလုပ်ငန်းစုဝင် မိတ်ဖက်များထံ ပေးချေရမည့် လစဉ် အခွန်ဘဏ္ဍာများကို စီမံဆောင်ရွက်လျက်ရှိသည်။

အမေရိကန်အနေဖြင့် သဘာဝဓာတ်ငွေ့ လည်ပတ်ထုတ်လုပ်မှုကို အနှောက်အယှက် မဖြစ်စေဘဲ စစ်အာဏာရှင်၏ သဘာဝဓာတ်ငွေ့ဝင်ငွေခွဲတမ်းအပေါ် ဦးတည်ပစ်မှတ်ထားမည့် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုပုံစံကို ချမှတ်ဖော်ဆောင်နိုင်စွမ်းရှိသည်။ သို့သော်လည်း ဘိုင်ဒန်အစိုးရ၏ အရှေ့တောင်အာရှဒေသ နိုင်ငံခြားရေးမူဝါဒ၏ ထိပ်တန်းဦးစားပေးသည် ကြီးထွားလာနေသည့် တရုတ်နိုင်ငံ၏လွှမ်းမိုးမှုကို တန်ပြန်ရန် ဒေသတွင်းအစိုးရများနှင့် ခိုင်မာသည့် မဟာမိတ်ဆက်ဆံရေး တည်ဆောက်ရေးသာဖြစ်နေခဲ့သည်။ သမိုင်းအစဉ်အလာအားဖြင့် ထိုင်းနိုင်ငံသည် အမေရိကန်နှင့် အလွန်နီးစပ်သည့် စစ်ရေးနှင့်စီးပွားရေး မိတ်ဖက်ဖြစ်နေခဲသည်။ ထို့အပြင် အမေရိကန်သည် ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်ရှိ မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ထောက်ပံ့ရာ၌ ထိုင်းနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို မှီခိုအားထားနေရသည်။ ဤအချက်က ထိုင်းနိုင်ငံ၏ သဘောဆန္ဒနှင့် ဆန့်ကျင်၍ အမေရိကန်အနေဖြင့် လုပ်ကိုင် ဆောင်ရွက်မှု မပြုရန် တားဆီးလျက်ရှိသည်။ ထိုင်းအစိုးရအနေဖြင့် MOGE အပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း အမေရိကန်အစိုးရကို ပြောဆိုအသိပေးထားသည် ဟူသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။

၂။ PTT သည် နိုင်ငံတကာအသိုက်အဝန်းနှင့် ပြောဆိုဆက်ဆံရာ၌ ၎င်းတို့၏ ဩဇာ အရှိန်အဝါကို မှားယွင်းပုံဖော်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ ပါဝင်ပတ်သက်လျက်ရှိသည့် အခြား နိုင်ငံတကာ ဇီဝရုပ်ကြွင်းလောင်စာဆီကုမ္ပဏီများကဲ့သို့ပင် PTT သည်လည်း ၎င်းတို့အနေဖြင့် စစ်အာဏာရှင် သိမ်းဆည်းချုပ်ကိုင်လိုက်သည့် အစိုးရအကောင့်များသို့ ပေးချေမှုများကို ဆက်လက် ပြုလုပ်ရုံမှလွဲ၍ ၎င်းတို့၌ အခြားရွေးချယ်စရာမရှိဟု ရင်းနှီးမြှုပ်နှံသူများနှင့် အစိုးရများကို တွင်တွင်ပြောဆို အကြောင်းပြလျက်ရှိသည်။

ဤကဲ့သို့ ပြောဆိုအကြောင်းပြချက်သည် မှန်ကန်မှုမရှိကြောင်း ထောက်ပြပြောဆိုလိုပါသည်။ မြန်မာနိုင်ငံရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများ အားလုံးသည် မြန်မာနိုင်ငံအစိုးရကို ကိုယ်စားပြုထား သည့် MOGE နှင့် သဘောတူစာချုပ် ချုပ်ဆိုထားကြသူများဖြစ်သည်။ MOGE သည် အစိုးရအေဂျင်စီ တစ်ခုသာဖြစ်ပြီး အမည်နာမကိုသာကြည့်၍ အနှောင်အဖွဲ့ကင်းလွတ်လပ်သည့် နိုင်ငံပိုင် လုပ်ငန်းတစ်ခုအဖြစ် မှတ်ယူ၍မရနိုင်ပေ။ ပြီးခဲ့သည့်လအတွင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မီးမောင်းထိုးပြသွားသကဲ့သို့ပင် စစ်အာဏာရှင်အနေဖြင့် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည်ဟု ပြောပိုင်ခွင့်မရှိသလို အစိုးရနှင့်ချုပ်ဆိုထားသည့် စာချုပ်များကိုလည်း တရားဝင် တောင်းဆိုပိုင်ခွင့်မရှိပေ။

ဇီဝရုပ်ကြွင်းလောင်စာဆီကုမ္ပဏီများအနေဖြင့် တာဝန်ယူမှုတာဝန်ခံမှုရှိရှိ ပြုမူကျင့်ကြံ၍ မြန်မာအစိုးရကို ပေးချေရန် တာဝန်ရှိသည့် အခွန်ဘဏ္ဍာများကိုလည်း မှန်ကန်သည့် စာချုပ် မိတ်ဖက်အစစ်အမှန်ကို ဖော်ထုတ်နိုင်သည့်အချိန်ထိ ချိတ်ပိတ်ထားသည့် အကောင့်သို့ လွှဲပြောင်း သိမ်းဆည်းထားရန် ရွေးချယ်ဆုံးဖြတ်နိုင်သည်။ ယင်းအစား ၎င်းတို့သည် အတိုက်အခံပြုမှု အနည်းဆုံး ဖြစ်သည့် လမ်းကြောင်းကို ရွေးချယ်၍ စစ်အာဏာရှင်ကို ၎င်းတို့၏ တရားဝင်စာချုပ်မိတ်ဖက်အဖြစ် မသိကျိုးကျွန်ပြု လက်ခံထားကြသည်။ ဤအချက်က စစ်အာဏာရှင်ကို ကန့်ကွက်ရှုံ့ချထားသည့် နိုင်ငံတကာအသိုက်အဝန်း၏ ရပ်တည်ချက်နှင့် ကွဲလွဲဆန့်ကျင်လျက်ရှိသလို စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်လှသည့် ပြစ်မှုများ၌ လောင်စာဆီကုမ္ပဏီများကို အလိုတူအလိုပါ ပူးပေါင်းကြံစည်သူများ အဖြစ်ပုံဖော်ပေးလျက်ရှိသည်။ အမေရိကန်၏ အရေးယူဒဏ်ခတ် ပိတ်ဆို့မှု များက ၎င်းတို့ကို ပြောင်းလဲမှုပြုရန် ဖိအားပေးရာ၌ များစွာအထောက်အကူပြု နိုင်ပါသည်။

သဘာဝဓာတ်ငွေ့ဝယ်ယူသူတစ်ဦးဖြစ်သည့် PTT သည် ဝယ်ယူသည့် သဘာဝဓာတ်ငွေ့ပမာဏကို လျှော့ချ၍ တရားမဝင် စစ်အာဏာရှင်ကို အထောက်အပံ့ဖြစ်စေမည့် ဝင်ငွေပမာဏကို ဖြတ်တောက်ပစ်နိုင်သည့် နောက်ထပ် စာချုပ်ပါယန္တရားနှစ်ခုကို အသုံးပြုရန်လည်း ထပ်မံပျက်ကွက် ခဲ့သည်။

(၁) PTT အနေဖြင့် အရောင်းစာချုပ်၌ သတ်မှတ်ထားသည့် အနိမ့်ဆုံးပမာဏကိုသာ ဝယ်ယူခြင်းဖြင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုကို လျှော့ချနိုင်သည့်အပြင်

(၂) PTT အနေဖြင့် ရှေ့ပိုင်းက ပိုလျှံဝယ်ယူမှုများကို အကြောင်းပြ၍လည်း သဘာဝဓာတ်ငွေ့ တင်သွင်းမှုပမာဏကို လျှော့ချနိုင်သည်။ ရတနာလုပ်ကွက်အတွက် ချုပ်ဆိုထားသည့် သဘောတူညီချက်အရ PTT အနေဖြင့် လွန်ခဲ့သည့် ငါးနှစ်အတွင်း ဝယ်ယူတင်သွင်းမှုမှ စာချုပ်အရ အနိမ့်ဆုံးဝယ်ယူရမည့် ပမာဏထက် ပိုသည့်ပိုလျှံဝယ်ယူမှုများအားလုံးကို ပြန်လည်ခုနှိမ်၍လည်း လက်ရှိဝယ်ယူရန်တာဝန်ရှိသည့် ပမာဏကို အနိမ့်ဆုံးဝယ်ယူရမည့် ပမာဏအောက်လျှော့၍ ဝယ်ယူနိုင်ပါသည်။ “ရှေ့ပိုင်းပိုလျှံသဘာဝဓာတ်ငွေ့ဝယ်ယူမှုများဖြင့်ခုနှိမ်ခြင်း” ဟုလည်း သိထားကြသည်။ (အိမ်ပိုင်ရှင်တစ်ဦး အပေါင်ခံထားသည့် အိမ်တန်ဖိုးထက် ပိုများသည့် ကျော်လွန်ပေးချေမှုမှ အကျိုးအမြတ်ရရှိသကဲ့သို့ ထိရောက်သည့် နည်းလမ်းဖြစ်သည်)

သို့သော်လည်း ထိုင်းအစိုးရထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ် အတွင်း PTT သည် ဝယ်ယူတင်သွင်းမည့် သဘာဝဓာတ်ငွေ့ပမာဏကို နဂိုအတိုင်း ဆက်လက်ဝယ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းက စစ်အာဏာရှင်ဆီသို့ ရောက်ရှိမည့် ဝင်ငွေပမာဏကို အမြင့်ဆုံးရောက်ရှိ သွားစေခဲ့သည်။ ဤအထောက်အထားများအားလုံးက PTT အနေဖြင့် ၎င်းတို့၏ ဩဇာအရှိန်အဝါနှင့် ကြောင်းကျိုးပြချက်များအပေါ် အထင်မှားအမြင်မှားဖြစ်စေရန် ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံတကာ အသိုက်အဝန်းအား လှည့်ပတ်ပြောဆိုခဲ့ကြောင်း ထင်ရှားစေလျက်ရှိသည်။

၃။ အမေရိကန်နှင့် သံခင်းတမန်ခင်း ထိတွေ့ဆက်ဆံရာ၌ ထိုင်းအစိုးရသည် MOGE အပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ပေါ်ပေါက်လာမည့် ဆိုးကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ စွမ်းအင်လုံခြုံရေးကိုပါ ခြိမ်းခြောက်လာနိုင်သည်ဟု ချဲ့ကား ပြောဆိုလျက်ရှိသည်။

ထိုင်းနိုင်ငံ၏ စွမ်းအင်လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သည့် အရဲစွန့်ရမှုအန္တရာယ် ရှိနေသည်ဟူသည့် ရှုထောင့်မှနေ၍ MOGE အပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို ဆန့်ကျင်ကန့်ကွက်ကြောင်း အမေရိကန်အစိုးရကို ပြောဆိုနားချခဲ့သည်ဟု ပြောဆိုနေကြသည်။ ဤစိုးရိမ်ပူပန်မှုသည် လမ်းလွှဲ သွားစေရန် ကျုံးသွင်းခြင်းသာ ဖြစ်တော့သည်။

MOGE ကို အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်ခြင်းဖြင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု အလိုအလျောက် ပြတ်တောက်သွားမည်မဟုတ်ဘဲ စစ်အာဏာရှင်ဆီသို့ ရောက်ရှိသွားမည့် မြန်မာအစိုးရအား ပေးချေရမည့် သဘာဝဓာတ်ငွေ့ဝင်ငွေ ခွဲတမ်းကိုသာ ရပ်တန့်သွားစေမည်ဖြစ်သည်။ စစ်အာဏာရှင် ဖက်က သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကို ရည်ရွယ်ချက်ရှိရှိ တမင်ဖြတ်တောက်ပစ်မှသာ ထုတ်လုပ်မှု ရပ်သွားမည်ဖြစ်သည်။ စစ်အာဏာရှင်၏ အမူအကျင့်ကို ခန့်မှန်းရ အလွန်ခဲယဉ်းသည်မှန်သော်လည်း လက်ရှိအထောက်အထားများအားလုံးက ထိုကဲ့သို့သောဖြတ်တောက်မှုမျိုး ဖြစ်ပေါ်လာနိုင်ခြေ မရှိသလောက်နည်းပါးသည်ဟု ပြဆိုလျက်ရှိသည်။ မြန်မာအရပ်ဖက်လူ့အဖွဲ့အစည်းများ ထောက်ပြ ပြောဆိုခဲ့သည့်အတိုင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကို ဖြတ်တောက်လိုက်ခြင်းသည် စစ်အာဏာရှင်၏ စစ်ယန္တရား လည်ပတ်နိုင်စေရန် ကျားကန်ပေးထားသည့် ခရိုနီစက်ရုံများနှင့် စီးပွားရေးလုပ်ငန်းများကို ထိခိုက်ပျက်စီးသွားစေမည့် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည့် လုပ်ရပ်သာဖြစ်သည်။ ထို့အပြင် ထိုင်းနိုင်ငံသို့ တင်ပို့မည့် သဘာဝဓာတ်ငွေ့များကို ဖြတ်တောက်လိုက်ခြင်းသည် စစ်အာဏာရှင်နှင့် ၎င်းတို့၏ သစ္စာအရှိဆုံး နိုင်ငံတကာမဟာမိတ်တို့၏ ဆက်ဆံရေးကိုပင် ထိခိုက်သွားစေနိုင်သည်။

သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို ဖြတ်တောက်လိုက်လျှင်ပင် ထိုင်းအနေဖြင့် မြန်မာ့သဘာဝဓာတ်ငွေ့ မလိုဘဲ ဆက်လက်ရှင်သန်နိုင်ကြောင်း EarthRights ကိုယ်တိုင် လေ့လာသုတေသနပြုထားသည့် အချက်အလက်များ ကဖော်ပြလျက်ရှိသည်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့သဘာဝဓာတ်ငွေ့အပေါ် မှီခိုရမှုကို အဆုံးသတ်ရန် နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့ပြီးဖြစ်သလို ထိုသို့ပြုလုပ်နိုင်သည့် အခြေခံအဆောက်အအုံများကို လည်းပိုင်ဆိုင်ထားပြီးဖြစ်သည်။ ထိုင်းအနေဖြင့် တွေ့ကြုံခံစား လာရနိုင်ခြေရှိသည့် တစ်ခုတည်းသော အကျိုးသက်ရောက်မှုမှာ လောင်စာဆီစျေးနှုန်း အနည်းငယ် မြင့်တက်လာခြင်းသာ ဖြစ်လိမ့်မည်။ လက်ရှိ ထိုင်းစွမ်းအင်ကဏ္ဍ၌ ဝန်အားပိုလျှံပြဿနာကြောင့် လောင်စာဆီစျေးနှုန်းများ ဖောင်းပွလျက်ရှိသော်လည်း နိုင်ငံအနှံ့ပြန့်ကျဲလျက်ရှိပြီး လည်ပတ်မှုမရှိသည့် သဘာဝဓာတ်ငွေ့လောင်စာအသုံးပြု ဓာတ်အားပေးစက်ရုံများအတွက် မလိုအပ်သည့်ဝယ်ယူမှုများကို ဆက်လက်ပြုလုပ်လျက်ရှိသည်။ ထိုင်းအနေဖြင့် စွမ်းအင်နှုန်းထားများကို အမှန်တကယ် လျှော့ချ လိုလျှင် မြန်မာနိုင်ငံ တစ်နံတစ်လျား ကျူးလွန်လျက်ရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို ငွေကြေးထောက်ပံ့နေခြင်းထက် မိမိတို့၏ ဝန်အားမမျှသည့် ပြဿနာကိုဦးစွာ ဖြေရှင်းသွားရန်လို အပ်ပါသည်။

အမေရိကန်၏ အရေးယူဆောင်ရွက်မှု မရှိခြင်းက စစ်အာဏာရှင်အတွက် စံချိန်တင် ရန်ပုံငွေ အရင်းအမြစ်များကို ရရှိစေခဲ့ပြီး မြန်မာနိုင်ငံတစ်နံတစ်လျား စွမ်းအင်လုံခြုံမှု ကင်းမဲ့သွားစေရန် မီးထိုးပေးလျက်ရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာစစ်တပ်မှ အာဏာသိမ်းရန်ကြိုးပမ်းခဲ့ပြီးနောက် ချက်ခြင်း ဆိုသလိုပင် အမေရိကန်အစိုးရသည် နယူးယောက်မြို့ Federal Reserve ဘဏ်၌ အာမခံ ထားထားသည့် အမေရိကန်ဒေါ်လာ ၁ဘီလီယံ တန်ကြေးရှိသည့် ပိုင်ဆိုင်မှုများကို ပြတ်ပြတ်သားသား ချိတ်ပိတ် သိမ်းဆည်းခဲ့သည်။ ၂ နှစ်ကျော်မျှ MOGE အပေါ်အရေးယူ ဆောင်ရွက်ရန် ပျက်ကွက်မှုက ဤအောင်မြင်မှုထက် ကျော်လွန်ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်လာစေခဲ့သည်။ အာဏာသိမ်းရန် ကြိုးပမ်းပြီးချိန်မှစ၍ လောင်စာဆီစျေးနှုန်းများ ရုတ်ချည်းခုန်တက်သွားခဲ့ပြီး စစ်အာဏာရှင်မှ မြန်မာအစိုးရကို ပေးချေရန်တာဝန်ရှိသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ရောင်းရငွေ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ကို မောင်ပိုင်စီးလုယူသွားခဲ့သည်။ အဆိုပါပမာဏသည် လစဉ်နှင့်အမျှဆိုသလို ဆက်လက်တိုးပွားနေဆဲ ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာစစ်တပ်မှ အာဏာသိမ်းရန်ကြိုးပမ်းခဲ့ပြီးနောက် ချက်ခြင်း ဆိုသလိုပင် အမေရိကန်အစိုးရသည် နယူးယောက်မြို့ Federal Reserve ဘဏ်၌ အာမခံ ထားထားသည့် အမေရိကန်ဒေါ်လာ ၁ဘီလီယံ တန်ကြေးရှိသည့် ပိုင်ဆိုင်မှုများကို ပြတ်ပြတ်သားသား ချိတ်ပိတ် သိမ်းဆည်းခဲ့သည်။ ၂ နှစ်ကျော်မျှ MOGE အပေါ်အရေးယူ ဆောင်ရွက်ရန် ပျက်ကွက်မှုက ဤအောင်မြင်မှုထက် ကျော်လွန်ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်လာစေခဲ့သည်။ အာဏာသိမ်းရန် ကြိုးပမ်းပြီးချိန်မှစ၍ လောင်စာဆီစျေးနှုန်းများ ရုတ်ချည်းခုန်တက်သွားခဲ့ပြီး စစ်အာဏာရှင်မှ မြန်မာအစိုးရကို ပေးချေရန်တာဝန်ရှိသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ရောင်းရငွေ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ကို မောင်ပိုင်စီးလုယူသွားခဲ့သည်။ အဆိုပါပမာဏသည် လစဉ်နှင့်အမျှဆိုသလို ဆက်လက်တိုးပွားနေဆဲ ဖြစ်သည်။

စစ်တပ်၏ ဝင်ငွေစီးဆင်းမှုများကို ဖြတ်တောက်ပေးရန် မြန်မာပြည်သူများ၏ တောင်းဆိုချက်များကို လျစ်လျူရှု၍ စစ်အာဏာရှင်ကို ငွေကြေးအထောက်အပံ့ ရရှိစေလျက်ရှိသည့် အကြီးမားဆုံးသော ဝင်ငွေ အရင်းအမြစ်တစ်ခုဖြစ်သည့် ဇီဝရုပ်ကြွင်းလောင်စာ ကဏ္ဍသည် မြန်မာနိုင်ငံအတွက် အလွန်ဆိုးရွားပြင်းထန်သည့် လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းကြီးကို ဆောင်ကျဉ်း လာခဲ့သည့် အဓိကလက်သည်ဖြစ်လာခဲ့သည်။ ထို့အပြင် ဇီဝရုပ်ကြွင်းလောင်စာ ရောင်းချမှု မှရရှိလာခဲ့သည့် အခွန်ဘဏ္ဍာများက ၁၉၉၀ ပြည့်လွန်နှစ်မှစ၍ ၂၀၀၀ ပြည့်လွန်နှစ်များအထိ စစ်အုပ်ချုပ်ရေး ဆက်လက်အဓွန့်ရှည်စေရန် ကျားကန်ပေးခဲ့သည့် အရှိတရားကိုပါ လျစ်လျူရှုရာရောက်နေပြီး မကြုံစဖူးဆိုးရွားပြင်းထန်လှသည့် လူသားချင်းစာနာထောက်ထားရေး ကပ်ဆိုးကြီးဆီသို့ ဦးတည်သွားစေခဲ့သည်။ ထို့ထက်ပို၍ဆိုရသော် စစ်အာဏာရှင်များက မြန်မာနိုင်ငံကို စွမ်းအင်ပြတ်လပ်မှု အကျပ်အတည်းဆီသို့ ဆွဲခေါ်သွားခဲ့သည့် အချက်ကိုပါ မျက်ကွယ်ပြုရာ ရောက်နေပါသည်။

စစ်အာဏာရှင်ကို ဝင်ငွေဆက်လက်ရရှိစေရန် ခွင့်ပြုထားခြင်းက မြန်မာနိုင်ငံ၏ ပြည်တွင်း စွမ်းအင်လုံခြုံရေးကို အထိနာစေလျက်ရှိသည့် တွန်းအားတစ်ခုဖြစ်လာခဲ့သည့် အချက်မှာ စိုးရိမ်ဖွယ်ရာ အကောင်းဆုံးဖြစ်လာခဲ့သည်။

၂၀၂၂ ခုနှစ် နွေဦးကာလအတွင်း သက်တမ်းကုန်ခါနီး ဖြစ်နေသည့် ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်း၏ ထုတ်လုပ်မှု ပမာဏသိသိသာသာ ကျဆင်းသွားတော့မည် ဟုခန့်မှန်းထားကြသည်။ သို့သော်လည်း နဂိုအတိုင်းပင် ဆက်လက်တင်ပို့ ရောင်းချလျက်ရှိသည်။ ထို့ကြောင့် စစ်အာဏာရှင်သည် ပြည်တွင်း လောင်စာဆီ လိုအပ်ချက်အတွက် လောင်စာဆီခွဲတမ်းကို လျှော့ချကန့်သတ်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ တိုးပွားလာစေရန် ရွေးချယ်သွားခဲ့ပြီး PTT ၏ အကျိုးစီးပွားများကို ကာကွယ်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း အလှည့်ကျ လျှပ်စစ်မီးဖြတ်တောက်မှုများနှင့် ဂြိုလ်တုပုံရိပ်များက မြန်မာနိုင်ငံအနှံ့ စွမ်းအင်ပြတ်တောက်မှုများ တစ်ရှိန်ထိုးတိုးပွားလာနေကြောင်း ဖော်ပြလျက်ရှိသည့် ငြင်းမရသည့် အထောက်အထားများပင်ဖြစ်သည်။ လက်တွေ့ကျကျပြောရမည် ဆိုလျှင် စစ်အာဏာရှင်သည် သာမန်အရပ်သားပြည်သူများ နေထိုင်သည့် လူနေရပ်ကွက်များကို အလှည့်ကျခွဲတမ်းစနစ်ဖြင့်သာလျှင် လျှပ်စစ်မီးထောက်ပံ့ပေးပြီး ၎င်းတို့၏ မြန်မာပြည်သူများအပေါ် စစ်ခင်းနေသည့် လုပ်ရပ်ကို ထောက်ခံအားပေးလျက်ရှိသည့် စက်မှုလုပ်ငန်းများနှင့် မဟာမိတ်”ခရိုနီ”များ လျှပ်စစ်မီးပြတ်လပ်မှု မရှိစေရေးကို အဓိကဦးစားပေးသွားမည့် အလားအလာများကို မြင်တွေ့နေရသည်။

ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်ခဲ့သည့် EarthRights ၏ အစီရင်ခံစာ၌ ထိရောက်တာသွား၍ စနစ်တကျ ညှိနှိုင်းဆောင်ရွက်ထားသည့် အရေးယူဒဏ်ခတ်ပိတ်ဆို့ရေးမူဝါဒမျိုးကို အကောင်အထည်ဖော်ရန် နိုင်ငံတကာအသိုက်အဝန်းမှ ပျက်ကွက်လျက်ရှိကြောင်း မီးမောင်းထိုးပြခဲ့ပြီးဖြစ်သည်။ MOGE ကို အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် အမေရိကန်အစိုးရဖက်မှ ပျက်ကွက်နေခြင်းသည် ဤပြဿနာ၏ ဗဟိုချက်မဖြစ်နေပြီး ထိုင်းနိုင်ငံနှင့် ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေနိုင်သည်ဟူသည့် တလွဲ အကြောက်တရားအပေါ် အခြေခံလျက်ရှိသည်။ ဤအထောက်အထားများအားလုံးက MOGE ကို ဒဏ်ခတ်အရေးယူ ပိတ်ဆို့ခြင်းသည် ထိုင်းနိုင်ငံကို သိသိသာသာ ထိခိုက်နစ်နာစေလိမ့်မည် မဟုတ်ကြောင်း သက်သေပြလျက်ရှိသည်။